အာယသ်သေ အူလွလ်အမ်ရ်

wikishia မှ

အာယသ်သေ အူလွလ်အမ်ရ် (အာရဗီ-آية أولي الأمر،)သိုမဟုတ် အာယသ်သေ အေသွာအသ် (စူရဟ် နေစာအ် ၊ အာယသ်အမှတ် ၅၉) သည် မိုအ်မင်န် သက်၀င်ယုံကြည်သူများကို အရှင်မြတ် ၊ ရစူလ်တမန်တော်မြတ်(ဆွ) နှင့် အူလွလ်အမ်ရ် များမှ နာခံလိုက်နာရန် အမိန့်ထားသည်။ ရှီအာ နှင့် အချိုအဲဟ်လေစွန္နသ် ဥပမာ ဖက်ခ်ရ် ရာဇီ တို၏ အမြင်၌ ဤအာယသ်တော်သည် အူလွလ်အမ်ရ် ၏ သာလွန်မြင့်မြတ်မှုကို သက်သေပြုနေသည် ဟု လက်ခံထားကြသည်။ ရှီအာများသည် ရေဝါယသ်များအရ အူလွလ်အမ်ရ် ၏ ဆိုလိုရင်းကို အေမာမ်(အစ) များဖြစ်သည်ဟု လက်ခံထားသည်။ ထိုနောက် ဤအာယသ်သည် အေမာမ်(အစ) များ၏ သာလွန်မြင့်မြတ်မှု နှင့် ၎င်းတို့၏ အမိန့်များမှ မဖြစ်မနေ နာခံလိုက်နာရခြင်း အပေါ် သက်သေပြုပေသည် ဟု ယုံကြည်ထားကြသည်။ သိုသော် အဲဟ်လေစွန္နသ် တိုသည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ကွဲပြားသော အမြင်ရှိပေသည်။ တစ်နည်းအားဖြင်း ဆိုရသော် ခိုလဖာယေ ရာရှေဒီးန် ၊ တရားမျှတသော အုပ်ချုပ်သူ ၊ သာသနာ့ ပညာရှင်များ နှင့် အိစ်လာမ့် အွမ္မသ်များ အများစု ဥပမာ စွန္နီအိုလမာများ စသည်တိုသည် အူလွလ်အမ်ရ် ၌ အကျုံး၀င်သည် ဟု လက်ခံထားကြသည်။

အာယသ် နှင့် ၎င်း၏ ဘာသာပြန်

يَا أَيُّهَا الَّذِينَ آمَنُواْ أَطِيعُواْ الله وَأَطِيعُواْ الرَّسُولَ وَأُوْلِي الأَمْرِ مِنكُمْ فَإِن تَنَازَعْتُمْ فِي شَيْءٍ فَرُدُّوهُ إِلَى الله وَالرَّسُولِ إِن كُنتُمْ تُؤْمِنُونَ بِاللهِ وَالْيَوْمِ الآخِرِ ذَلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلاً

အို၊ အီမန်တက်ဝ်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်ကို နာခံလိုက်နာကြလေကုန်။ ထို့နောက် ရစူလ်တမန်တော်မြတ် နှင့် အမိန့်ညွှန်ကြားပိုင်ခွင့် နှင့် စီရင်ဆုံးဖြတ်ပိုင်ခွင့် အပ်နှင်းခံရသည့် ပုဂ္ဂိုလ်တို့၏ညွှန် ကြားချက်များအတိုင်းလည်း လိုက်နာကြလော့။ အကယ်၍ အရေးကိစ္စတစ်စုံတစ်ခု၌ သင်တို့အချင်းချင်းကြား သဘောတူညီချက်မရ (နိုင်ဘဲ ငြင်းခုံရသည့် အနေအထားသို့ရောက်) လျှင် ယင်းကို အလ္လာဟ်အရှင်မြတ် (၏ကျမ်းတော်ဖြစ်သော ကုရ်အာန်) နှင့်ရစူလ်တမန်တော် (၏လက်တွေ့ လုပ်ဆောင်ချက်များဖြစ်သော စွန္နသ်) ဘက်သို့ ဦးတိုက် လွှဲအပ်ကြလော့။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို အမှန်ပင် ယုံကြည် ကြလျှင် (ထိုသို့ လုပ်ရမည်သာ ဖြစ်၏။) ထိုသို့ လုပ်ခြင်းသည် သင်တို့အတွက် အကောင်းမြတ်ဆုံးနှင့်အသင့်တော်ဆုံး အပြီးသတ်လုပ်ဆောင်မှုပင် ဖြစ်၏။ (စူရဟ် နေစာအ် ၊ အာယသ်အမှတ်၅၉)

အူလွလ်အမ်ရ် ၏ သာလွန်မြင့်မြတ်မှု နှင့် ၎င်းတို့၏ အမိန့်များမှ မဖြစ်မနေ နာခံလိုက်နာခြင်း အပေါ် သက်သေပြုခြင်း

ရှီအာ သက်ဖ်စီးရ် ပညာရှင်များ၏ အမြင်အရ ၊ အာယသ်သေ အူလွလ်အမ်ရ် သည် အူလွလ်အမ်ရ် ၏ သာလွန်မြင့်မြတ်မှုအပေါ် သက်သေပြုသည်ဟု လက်ခံထားကြသည်။ ( 1) အလ္လာမဟ် သွဗာသွဗာယီး ၏ အဆိုအရ ဤအာယသ်တော်၌ အူလွလ်အမ်ရ် (أُوْلِي الأَمْرِ) အား «أَطیعُوا»، ဟူသော စာကြောင်းကို တစ်ဖန်ပြန်ကြော့ထားခြင်း မရှိပဲ ရစူလ်တမန်တော်(ဆွ) နှင့် ဆက်စပ်မှု ထားလိုက်ခြင်းအားဖြင့် أَطِيعُواْ الله وَأَطِيعُواْ الرَّسُولَ وَأُوْلِي الأَمْرِ ဖော်ပြပေးနေသည်မှာ ရစူလ်တမန်တော်(ဆွ)အား နာခံလိုက်နာရမည်မှာ ခြွင်းချက်မရှိ ဝါဂျီဘ် ဖြစ်သလို အူလွလ်အမ်ရ် အား နာခံလိုက်နာရမည် မှာလည်း ခြွင်းချက်မရှိ ဝါဂျီဘ် ဖြစ်ပေသည်။ (2) အကယ်၍ အရှင်မြတ်သည် ခြွင်းချက်မရှိ နာခံလိုက်နာခြင်းကို တစ်ဦးတစ်ယောက်အပေါ်၌ သတ်မှတ်လိုက်ပါက ထိုသူသည် ဧကန်အမှန် မအ်စူမ် အပြစ်ကင်းစင်သူ သာလျင် ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ထိုသူသည် မအ်စူမ် အပြစ်ကင်းစင်သူ မဟုတ်ပါက အပြစ်ငရဲများကို လုပ်ဆောင်ရန် အမိန့်ပေးပေမည် ၊ ထိုအခါ " ဆန့်ကျင်ဘက်အရာ နှစ်ခု စုံစည်းမှု" ဖြစ်ပေါ်လာမည်။ ဆိုလိုသည်မှာ ၎င်းထံမှ မဖြစ်မနေ နာခံလိုက်နာရမည် ( အရှင်မြတ်၏ အမိန့်တော်အရ) ဖြစ်သလို ၎င်းထံမှ မဖြစ်မနေ နာခံလိုက်နာရန် မလိုပေ ( အဘယ်ကြောင့်ဆိုသော် လူသားသည် အပြစ်ငရဲများကို မကျူးလွန်ရပေ)။ (3) အဲဟ်လေစွန္နသ် သက်ဖ်စီးရ် ပညာရှင် ဖက်ခ်ရ် ရာဇီ သည်လည်း ဤအာယသ် သည် အူလွလ်အမ်ရ် ၏ သာလွန်မြင့်မြတ်မှု အပေါ် သက်သေပြုသည် ဟု လက်ခံထားသည်။ သိုသော် ထို အူလွလ်အမ်ရ် များကို ရှီအာတို့ လက်ခံထားသည့်အေမာမ်(အစ)များဖြစ်သည် ဟူ၍ မဖော်ပြထားပေ။ (4) အိဗ်နေသိန်မီယဟ် (5) စလဖီယဟ် များ၏ ခေါင်းဆောင် ၊ နာဆွီရွလ် ကိဖွာရီ (6) ၀ဟာဘီများအနက်မှ ဖြစ်သည်။ ၎င်းေပြာထားသည်မှာ ဤအာယသ်တော်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ - «فَإِنْ تَنازَعْتُمْ فِی شَیْ‏ءٍ فَرُدُّوهُ إِلَی اللهِ وَ الرَّسُولِ» ကျွန်ုပ်တိုတွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွ) မှလွဲ၍ အခြား မအ်စူမ် အပြစ်ကင်းစင်သူများ မရှိကြောင်း ညွှန်ပြနေသည်။ အဘယ်ကြောင့်ဆိုသော် ဤအာယသ်၌ မိုအ်မင်န် သက်၀င်ယုံကြည်သူများကို အမိန့်ပေးထားသည်မှာ " ပဋိပက္ခ ၊ ကွဲပြားမှု ဖြစ်သည့်အခါ အလ္လာဟ် နှင့် ရစူလ်ထံ ပြန်လှည့်ကြလေကုန်" ဟူ၍ဖြစ်သည်။ ၎င်းတို့၏ အမြင်၌ အကယ်၍ ရစူလ်တမန်တော်မြတ်(ဆွ) အပြင် အခား မအ်စူမ် အပြစ်ကင်းစင်သူ တစ်ဦးတစ်ယောက် ရှိပါက အရှင်မြတ်သည် ထိုသူထံသိုလည်း ပြန်လှည့်ရန် အမိန့်ပေမည် ဖြစ်သည်။ ၎င်းတို့၏ စောဒက ကို ဖြေဆိုရာ၌ ပြောထားသည်မှာ " အာယသ်တော်၌ လာရှိထားသည့် ပဋိပက္ခ ၊ ကွဲပြားမှု ဆိုသည်မှာ အစ္စလာမ် ဘာသာ၏ ယေဘူယျ စည်းမျဉ်းစည်းကမ်းများ ၊ ဥပဒေသတော်များ ကွဲပြားခြင်း ဖြစ်ပြီး ထိုအရာများကို အရှင်မြတ် နှင့် ရစူလ်တမန်တော်(ဆွ) သည် ပြဌာန်းထုပ်နုတ်ပြီး အအင်မ္မဟ် (မအ်စူမ် ၁၂ ပါး) တိုသည် အရှင်မြတ် နှင့် တမန်တော်မြတ်(ဆွ) ၏ စည်းမျဥ်းစည်းကမ်း ၊ ဥပဒေသများကို အမြဲတစေ လိုက်နာ ဆောင်ရွက်သည့် လမ်းကြောင်းပေါ်တွင် ရှိနေပေသည်။ (7) ထိုအပြင် စူရဟ် နေစာအ် အာယသ်အမှတ် ၈၃ အရ အအင်မ္မဟ် (မအ်စူမ် ၁၂ ပါး) ထံ ပြန့်လှည့်ခြင်းသည် အရှင်မြတ် နှင့် တမန်တော်မြတ်(ဆွ) ထံ ပြန်လှည့်ခြင်း ကဲ့သို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အအင်မ္မဟ်(အစ) များ သည် တမန်တော်မြတ်(ဆွ) ကဲ့သို့ ရှရီအသ် တရားတော်ကို ကာကွယ် စောင့်ရှောက် သောကြောင့်ဖြစ်သည်။ (8)

အူလွလ်အမ်ရ် သည် မည်သူများ ဖြစ်ကြသနည်း?

အူလွလ်အမ်ရ် သည် မည်သူများ ဖြစ်ကြသနည်း ဟူသော အကြောင်းအရာနှင့် ပတ်သက်ပြီး ရှီအာ နှင့် စွန္နီ တိုအကြား အမြင်ကွဲပြားမှု ရှိပေသည်။ ရှီအာများသည် အူလွလ်အမ်ရ် ဆိုသည်မှာ ၁၂ ပါးအေမာမ်(အစ) များဖြစ်သည်ဟု ယုံကြည်လက်ခံ ထားကြသည်။ သိုသော် အဲဟ်လေစွန္နသ် တိုသည် ခိုလဖာယေ ရာရှေဒီးန် သိုမဟုတ် တရားမျှတသော အုပ်ချုပ်သူ သိုမဟုတ် အိုလမာ ပညာရှင်များ သည် အူလွလ်အမ်ရ် များ ဖြစ်ကြသည် ဟူ၍ သတ်မှတ်ထားကြသည်။

ရှီအာတို့၏ အေမာမ်များ

ရှီအာ (9) နှင့် စွန္နီ (10) တို၏ ကျမ်းကိုးများ၌ မြောက်များသော ရေဝါယသ်များ သည် အူလွလ်အမ်ရ် ၏ ဆိုလိုရင်းကို အအင်မ္မဟ်(အစ) များ ဖြစ်ကြသည် ဟူ၍ ဖော်ပြထားသည်။ (11) ရှီအာ အိုလမာ ပညာရှင်များသည် ထိုရေဝါယသ်များအရ အူလွလ်အမ်ရ်၏ ဆိုလိုရင်းကို ၁၂ ပါးအေမာမ်(အစ) များဖြစ်ကြသည် ဟူ၍ လက်ခံထားသည်။ (12) ထိုရေဝါယသ်များ အနက်မှ အချိုမှာ အောက်ပါတို ဖြစ်သည် ဟဒီးစေ ဂျာဘီရ် ဟု ကျော်ကြားသော ရေဝါယသ် တစ်ခုတွင် ဂျာဘီရ် ဗင်န် အဘ်ဒွလ္လာဟ် အန်ဆွာရီ သည် တမန်တော်မြတ်(ဆွ) ထံမှ အူလွလ်အမရ် ဟူသော ဝေါဟာရ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ် ကို မေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွ) ဖြေဆိုသည်မှာ ထိုအူလွလ်အမ်ရ် များမှာ ကျွန်ုပ်၏ ကိုယ်စားလှယ်တော်များ ၊ ကျွန်ုပ် ပြီးနောက် မွတ်စ်လင်မ်များ၏ အေမာမ်များ ဖြစ်ကြပြီး ၎င်းတို့အနက်မှ ပထမဦးဆုံးသူမှာ အလီ ဗင်န် အဘီသွာလီဘ်(အစ) ဖြစ်သည်။ ၎င်းပြီးနောက် အေမာမ်၁၂ ပါး၏ အမည်များကို အစဉ်လိုက် မိန့်ဆို ဖော်ပြသွားခဲ့သည်။ (13) အာယင်သေ အူလွလ်အမ်ရ် ကို သက်ဖ်စီးရ် ဖွင့်ဆိုထားရာ၌ အေမာမ်ဆွာဒီက်(အစ) မှ ကောက်နုတ် ဖော်ပြထားသည်မှာ အူလွလ်အမ်ရ် ဟူသည် အလီ(အစ) နှင့် ဖွာသွေမဟ်(စအ) သခင်မ တိုမှ ဆင်းသက်လာမည့် အေမာမ်များ ဖြစ်ကြပြီး ၎င်းတို့သည် ကေယာမသ်နေ့ အထိ ရှိနေမည် ဖြစ်သည်။ အေမာမ်ဘာကဲရ်(အစ) မှ ကောက်နုတ်ထားသည့် ရေဝါယသ် တစ်ခု၌ လာရှိထားသည်မှာ အရှင်မြတ်သည် အူလွလ်အမ်ရ် ဟုဆိုရာ၌ ယင်းမှာ ကျွန်ုပ်တိုအား ရည်ညွှန်းထားခြင်း ဖြစ်ပြီး ယုံကြည်သူများအားလံုးကို ကေယာမသ် နောက်ဆုံးနေ့အထိ ကျွန်ုပ်တိုထံမှ နာခံလိုက်နာရန် အမိန့်ပေးထားသည်။ (14) အေမာမ်ဆွာဒီက်(အစ) မိန့်တော်မူသည်မှာ " ၎င်းတို့ ( အူလွလ်အမ်ရ်) များမှာ အလီ ဗင်န် အဘီသွာလီဘ် ၊ ဟစန် ၊ ဟိုစိုင်းန် ၊ အလီ ဗင်န် ဟိုစိုင်းန် ၊ မိုဟမ္မဒ် ဗင်န် အလီ နှင့် အကျွန်ုပ် ဂျအ်ဖဲရ် တို ဖြစ်ကြသည်။ အသက်တိုသည် အရှင်မြတ်အား ကျေးဇူးထောပနာ ပြုပါလေ အဘယ်ကြောင့်ဆိုသော် လူအများက အေမာမ်များ နှင့် သာသနာ့ခေါင်းဆောင်များကို ငြင်းပယ်ေနသည့် အချိန် အသင်တို့၏ အေမာမ်များနှင့် သာသနာ့ခေါင်းဆောင်များကို မိတ်ဆက်ပေး သောကြောင့် ဖြစ်သည်။ (15)

ခိုလဖွာယေ ရာရှေဒီးန် နှင့် တရားမျှတမှုရှိသော အုပ်ချုပ်သူတိုင်း

အဲဟ်လေစွန္နသ် အိုလမာ ပညာရှင်များသည် အူလွလ်အမ်ရ် ၏ ဆိုလိုရင်းနှင့် ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိပေသည်။ ၎င်းတို့အနက်မှ အချိုသည် အူလွလ်အမ်ရ် ၏ ဆိုလိုရင်းကို ခိုလဖာယေ ရာရှေဒီးန် ဖြစ်သည်ဟု လက်ခံထားကြသည်။ အချိုအုပ်စုသည်လည်း အူလွလ်အမ်ရ် ၏ ဆိုလိုရင်းကို သာသနာ့ အိုလမာ ပညာရှင်ကြီးများ ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ အချို သည် စီးရီးယား ၏ တပ်မှူးများကို အူလွလ်အမ်ရ် ၏ ဆိုလိုရင်းများ ဖြစ်သည် ဟုလည်း ဆိုကြသည်။ (16) အဲဟ်လေစွန္နသ်၏ သက်ဖ်စီးရ် ပညာရှင် ဇမက်ခ်ရှရီး ၏ အဆိုအရ အူလွလ်အမ်ရ် ၏ ဆိုလိုရင်းမှာ ဘာသာတရားနှင့်အညီ အုပ်စိုးသော တရားမျှတမှုရှိသည့် အုပ်ချုပ်သူတိုင်း ဖြစ်ပေသည်။ ထိုအတူ ခိုခဖာယေ ရှာရှေဒီးန် နှင့် ၎င်းတို့ကဲ့သို့ ပြုကျင့်လုပ်ဆောင်သော အုပ်ချုပ်သူများ ဖြစ်သည် ဟု လက်ခံထားသည်။ (17) ခက်ရ်ရာဇီသည် အူလွလ်အမ်ရ် ၏ ဆိုလိုရင်းကို လူသား လက်ခံထားသည့် ဓမ္မပညာရှင်များ ဖြစ်သည်ဟု လက်ခံထားသည်။ (18)

အလ္လာမဟ် သွဗာသွဗာယီး၏ အမြင်

အလ္လာမဟ် သွဗာသွဗာယီး သည် သက်ဖ်စီးရေမီဇာန်း၌ ပြောထားသည်မှာ အူလွလ်အမ်ရ် ၏ ဆိုလိုရင်းမှာ သာလွန်မြင့်မြတ်မှု နှင့် ၎င်းတို့၏ အမိန့်အပေါ် မဖြစ်မနေ လိုက်နာဆောင်ရွက်မှု တိုသည် တမန်တော်မြတ်ကြီး(ဆွ) ကဲ့သို့ ဖြစ်ကြသော ပုဂ္ဂိုလ်များ ဖြစ်ပေသည်။ ထိုသိုဖြစ်ရာ၌ အူလွလ်အမ်ရ် ၏ အနက်အဓိပ္ပါယ်မှာ ကျယ်ပြန့်ပြီး ၎င်း၏ ရည်ညွှန်းမှုမှာ အကန့်အသတ် ရှိနေပါစေ ။ ဥပမာ ဤအာယသ်( အာယသ်သေ အူလွလ်အမ်ရ်) ၌ ရစူလ် ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်မှာ ကျယ်ပြန့်သော်လည်း ၎င်း၏ ရည်ညွှန်းမှုမှာ သီးသန့် တမန်တော်မြတ်ကြီး(ဆွ) သာလျှင် ဖြစ်သည်။ (19)