မီဇားန်

wikishia မှ

မီဇားန် ဆိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန်အတွင်းမှ ဝေါဟာရတစ်ခုဖြစ်ပြီး ကယာမသ်နေ့ဝယ် စစ်ကြောမေးမြန်းမည့်နေရာများအတွင်းမှလည်းတစ်ခုဖြစ်သည်။ထို့အပြင် လူတို့၏ ပြုကျင့်ခဲ့သော လုပ်ရပ်များကို ကယာမသ်နေ့ဝယ် ချိန်တွယ်မည်ဟု အဓိပ္ပါယ်ရလေသည်။ရေဝါယသ်တော်များအရ ကယာမသ်နေ့တွင် လူတို့၏ ပြုကျင့်ခဲ့သော လုပ်ရပ်များကို တမန်တော်များ၊ အေမာမ်များ၏ လမ်းစဥ်နှင့် တစ်ထပ်တည်း ရှိမရှိ ချိန်တွယ်လိမ့်မည်ဖြစ်သည်။ အချို့သောသူတို့က ပြုကျင့်မှုဟူသည်မှာ ပြင်ပတွင် မြင်တွေ့နိုင်မှုမရှိသည့်အရာဟု ယူဆကြသည့်အတွက် မီဇာန်ကို “ကယာမသ်နေ့၌အရှင်မြတ်၏ တရားမျှတစွာ စီရင်ခြင်း” ဟူ၍ သတ်မှတ်ကြသည်။ သို့သော်အချို့ကလည်း ပြုကျင့်မှုသည်ကား ကယာမသ်တွင် ပြင်ပ၌အမှန်တကယ်မြင်တွေ့ရမည့်အရာဖြစ်ပြီး ချိန်တွယ်၍ရနိုင်သည့်အရာဟု ယူဆကြသည့်အတွက် လူတို့၏ ပြုကျင့်ခဲ့မှုဟူသမျှကို ထိုပြုကျင့်မှုနှင့် ကိုက်ညီသည့် ချိန်ခွင်(သို့) ချိန်တွယ်မည့်အရာ နှင့် ချိန်တွယ်ခြင်းခံမည်ဟု ခံယူကြသည်။ တစ်ပါးတည်းသောအရှင်အပေါ်လက်ခံယုံကြည်ခြင်း ၊ အဲဟ်လေဘိုင်းသ် (တမန်တော်မြတ်(ဆွ)အနွယ်တော်များ)အပေါ်အချစ်ထားခြင်း၊ အပြစ်ဂိုနာများကို ရှောင်ကျဥ်ခြင်း ၊ စလ်ဝါးသ်ပို့သခြင်း ၊ ရည်ရွယ်ချက်သန့်ခြင်း၊ သူတစ်ပါးအပေါ် ဒုက္ခမပေးခြင်း နှင့် လူတို့၏ ကောင်းကျိုးကို လိုလားခြင်း စသဖြင့် အကြောင်းအရာများသည် လူသားတို့၏ ပြုကျင့်ခဲ့မှုများကို ချိန်တွယ်ရာတွင် ချိန်ခွင်ကို ပိုမိုလေးလံစေသော အကြောင်းအရာများဖြစ်သည်ဟု ရေဝါယသ်တော်များတွင် ဖေါ်ပြထားလေသည်။

မီဇာန်၏အဓိပ္ပါယ်

အဘီဓါန်တွင် “မီဇာန်” ဆိုသည်မှာ ချိန်တွယ်သည့် ချိန်ခွင်ဖြစ်သည်။ “မီဇာန်အာမာလ်”ဆိုသည်မှာ လူတို့၏ ယုံကြည်မှုများနှင့် ပြုကျင့်ခဲ့သော လုပ်ရပ်များကို ချိန်တွယ်မည့်အရာဖြစ်သည်။ “မီဇာန်”ဟူသော တစ်ခုကိန်းနှင့် “မဝါဇီးန်” ဟူသည့် အများကိန်း ဝေါဟာရဟတို့သည် ကျမ်းတော်မြတ်ကုရ်အာန်၌ ၁၆ ကြိမ်တိုင်တိုင် လာရှိထားလေသည်။ တစ်ခါတစ်ရံ “မီဇာန်”ကို ရောင်းဝယ် ဖေါက်ကားသည့်အချိန်အခါများတွင် ချိန်တွယ်သည့်အရာ အဖြစ်လည်းကောင်း အချို့အချိန်များတွင်ဖန်ဆင်းမှုနှင့်အတူတကွလာရှိထားသောဥပဒေများအဖြစ်လည်းကောင်း တစ်ချို့အခါများ၌ဖန်ဆင်းပြီးနောက် ပြဌာန်းထားသောဥပဒေများအဖြစ်လည်းကောင်း ဖေါ်ပြထားလေသည်။

“မီဇာန်”သည် ကယာမသ်၌ စစ်ကြောမည့်နေရာတစ်ခု

“မီဇာန်”သည် ကယာမသ်၌ စစ်ကြောမှုပြု့မည့်နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် လူတို့၏ပြုခဲ့မှုဟူသမျှနှင့် ၎င်းတို့၏ ခံယူချက်များအား ချိန်တွယ်ခြင်းခံရပေလိမ့်မည်။ လူ၏ ဂျန္နသ်(သို့)ဂျဟန္နမ်တွင် ရရှိမည့်အဆင့်အတန်းသည် မိမိ၏ပြုလုပ်ခဲ့သော လုပ်ရပ်များနှင့်အညီသာ ဖြစ်ပေလိမ့်မည်။ကျမ်းတော်မြတ်ကုရ်အာန် စူရာ-ယေ-အာအ်ရာဖ် အာယသ်တော်အမှတ်(၈)နှင့်(၉)အရ လူ၏ကောင်းမြတ်သော လုပ်ရပ်တို့သည် ချိန်တွယ်သည့်အခါ အလေးချိန်ပို စေမှာဖြစ်သလို လူ၏အပြစ်များသည် အလေးချိန်ကို လျှော့ကျစေမည်ဖြစ်သည်။ (ချိန်တွယ်ရာတွင်) ချိန်ခွင်၏တစ်ဘက်၌ ကောင်းမှုများကိုထည့်ပြီး အခြားတစ်ဘက်တွင် မကောင်းမှုများကို ထည့်ပြီး ချိန်တွယ်မည်မဟုတ်ပါ။ လူ၏ လုပ်ရပ်တစ်ခုစီတိုင်းအတွက် စံချိန်စံညွှန်းများရှိမည်ဖြစ်သည်။ လုပ်ရပ်တိုင်းကို ၎င်း၏ ပြီးပြည့်စုံသော အလေးချိန်ခွင်ဖြင့် ချိန်တွယ်ခြင်းခံရပေမည်။ လူ၏နမားဇ်ကို ပြီးပြည့်စုံသောနမားဇ်နှင့်ချိန်တွယ်မည်။ လူ၏ရိုဇာကို ပြီးပြည့်စုံသော ရိုဇာဖြင့်ချိန်တွယ်မည်။ တနည်းဆိုရသော် လူသားတိုင်းကို ပြီးပြည့်စုံသောဆုံးသော လူသားနှင့် ချိန်တွယ်မည်။ လူ၏လုပ်ရပ်တိုင်းကိုလည်း ပြီးပြည့်စုံဆုံးသော လူသား၏ပြီးပြည့်စုံဆုံးသော လုပ်ရပ်များဖြင့် ချိန်တွယ်မှာဖြစ်သည်။ထို့အတွက်ကြောင့် “မီဇာန်”ဟူသည် ကယာမသ်နေ့တွင် အပြီးပြည့်စုံဆုံးသော လူသားပင်ဖြစ်ပေလိမ့်မည်။ ရေဝါယသ်တော်တွင် တမန်တော်များနှင့် ၎င်းသူတို့၏ နေရာကို ဆက်ခံသည့်သူတို့သည် ونَضَعُ المَوَازِین بِالقِسطِ (ငါအရှင်မြတ်သည် (ကယာမသ်နေ့ဝယ်) တရားမျှတမှုရှိသော ချိန်ခွင်များကို တည်ထားတော်မူပေမည်) ဆိုသည့်အာယသ်တော်တွင်ပါရှိထားသည့်အတိုင်း တရားမျှတသောချိန်ခွင်များဖြစ်ပေလိမ့်မည်။ ဟဇ္ဇရသ်အလီ(အ.စ)၏ဇေယာရသ်တစ်ခု၌လည်း အလီ(အ.စ) သည် လုပ်ရပ်များကို ချိန်တွယ်မည့် ချိန်ခွင်السلامُ عَلَیکَ یاَ مِیزَانَ الأعمَال တစ်ခုအဖြစ်ဖေါ် ပြထားလေသည်။ ထို့ကြောင့် အွမ္မသ်(လူမျိုး)တိုင်း၏အတွက် ၎င်းတို့၏လုပ်ရပ်များနှင့်ပတ်သက်ပြီး ချိန်တွယ်မည့်ချိန်ခွင်သည် ၎င်းသူတို့၏ သက်ဆိုင်ရာ တမန်တော်များနှင့်ယင်းတမန်တော်တို့၏ အရိုက်အရာကို ဆက်ခံမည့်သူများပင်ဖြစ်သည်။ အလ္လာမာသွဘာသွဘာအီသည် وأَنزَلناَ مَعَهُم الکِتَابَ و المِیزَان .. ဟူသော အာယသ်တော်တွင် ‘မီဇာန်’ကို သာသနာဟု မှတ်ယူထားလေသည်။ ထိုသို့ မှတ်ယူထားသည့်အကြောင်းအရင်းမှာ - လူ၏ခံယူချက်များနှင့် လုပ်ရပ်များကို ကယာမသ်နေ့တွင် ထို(မီဇာန်=သာသနာ)နှင့် ချိန်တွယ်တွက်ချက်ပြီး ရလာဒ်များကို ပေးသနား တော်မူမှာဖြစ်သည်။

မီဇာန်တွင် လုပ်ရပ်များ၏အလေးချိန်သက်ရောက်မှု

ကျမ်းတော်မြတ်ကုရ်အာသည် လူတို့၏ လုပ်ရပ်များကို အလေးချိန်ရှိသည်ဟု ဆိုထားလေသည်။ ဆိုလိုသည်မှာ တန်ဖိုးရှိသောလုပ်ရပ်တိုင်းသည် အလေးချိန်ရှိသောလုပ်ရပ်ဖြစ်ပြီး တန်ဖိုးမဲ့သောလုပ်ရပ်များတွင် အလေးချိန်မဲ့နေပြီး အကျိုး(စဝါဘ်)နှင့် ဆုလက်ဆောင် ချီးမြှင့်မှုသည်လည်း ထိုအပေါ်၌ မူတည်နေပေသည်။ လုပ်ရပ်များကို မည်သည့်ပုံစံဖြင့် တန်ဖိုးဖြတ်ပြီး မည်သို့ချိန်တွယ်မည်နှင့်ပတ်သက်ပြီး အောက်ပါအတိုင်းအမြင် အယူအဆများလာရှိထားပေသည်။ • ရှေးခ်မိုဖီးဒ်ကဲ့သို့ အချို့သောပုဂ္ဂိုလ်တို့က လုပ်ရပ်များချိန်တွယ်ခြင်းခံရမည်ဟုဆိုရာတွင် ပြင်ပရှိအရာဝတ္ထုများအားချိန်သကဲ့သို့ ချိန်တွယ်မည်ဟု မသတ်မှတ်ပဲ အလ္လာဟိုအရှင်မြတ်သည် (လူသားတို့အား) တရားမျှတစွာဖြင့် ကုသိုလ်ကောင်းမှုပြုသူများကို ထိုက်တန်သလို ဆုလာဒ်များချီးမြှင့်မည်ဖြစ်သလို အကုသိုလ်နှင့်မကောင်းမှုပြုသူများအား ၎င်းတို့နှင့် ထိုက်တန်သော အပြစ်ကို ပေးတော်မူမည် ဟု သတ်မှတ်ယူဆကြလေသည်။ • အချို့ကလည်း ကုသိုလ်ကောင်းမှုများသာ အလေးချိန်ရှိပြီးမကောင်းမှုများတွင် အလေးချိန်မရှိဟု ယူဆကာ (ကယာမသ်နေ့ဝယ်) လူသားတို့၏ ပြုကျင့်မှုဟူသမျှ အမှန်တကယ်ပင်ချိန်တွယ်ခြင်းခံရမည်ဟု ယုံကြည်ကြလေသည်။ ကယာမသ်နေ့၌ (မိမိတို့၏ ပြုကျင့်ခဲ့သောလုပ်ရပ်များ၏) အလေးချိန်လျှော့မှုသည် လောက၌ ကောင်းမှုကုသိုလ်နည်းပါးခဲ့သည့်အတွက်ဖြစ်ပြီး ထိုနေ့၌ အပြစ်ပေးခြင်းခံရမှုသည်လည်း လောက၌ အပြစ်ကျူးလွန်မှုများပြုလုပ်ခဲ့သည့်အတွက်ကြောင့် ဖြစ်ပေသည်။ အလ္လာမာသွဘာသွဘာအီ အစရှိသော အချို့ပုဂ္ဂိုလ်များကလည်း ကုသိုလ်ကောင်းမှုများသည် ချိန်တွယ်ရာ၌အလေးချိန်ကိုပိုစေမည်ဖြစ်သလို အပြစ်ကျူးလွန်ခြင်းသည် အလေးချိန်ကို လျှော့နည်းစေမည်ဖြစ်ပေသည်။ထို့အပြင် ချိန်တွယ်မှု၏နောက်ဆုံးရလာဒ်သည် အလေးချိန်ပိုခြင်းနှင့်လျှော့နည်းခြင်းသာလှင်ဖြစ်ပေသည်။

ချိန်ခွင်အလေးချိန်ပိုရခြင်းနှင့်လျှော့နည်းရခြင်းတို့၏အကြောင်းအရင်းများ

ကယာမသ်နေ့၌ (လူသားတို့၏) ပြုကျင့်မှုများအား စီစစ်၍တန်ဖိုးသတ်မှတ်မှုကို “ လုပ်ရပ်များကိုချိန်တွယ်ခြင်း” ဟုလည်း ခေါ်ကြသည်။ ထိုသို့ချိန်တွယ်ရာတွင် အချို့သောအကြောင်းအရာများသည် အလေးချိန်ပိုစေ(သို့)လျှော့စေသည်။ ၎င်းတို့မှာ သာသနာ၏အမိန့်များကို နာခံ၍ ကျင့်ကြံမှုရှိခြင်း(သို့)မနာခံမကျင့်ကြံခြင်း ၊ သက်ဝင်ယုံကြည်မှု(အီမာန်)အားနည်းခြင်း(သို့)အားသာခြင်း နှင့် ကျင့်ကြံအားထုတ်လုပ်ဆောင်ရာတွင် စိတ်နှလုံးသန့်ခြင်း(သို့)မသန့်ခြင်း တို့ဖြစ်၏။ ကယာမသ်နေ့တွင် ချိန်ခွင်၌အလေးချိန်တိုးစေမည့် အကြောင်းအရင်းများမှာ အောက်ပါအတိုင်းဖြစ်၏။ • တစ်ပါးတည်းသောအရှင်အားယုံကြည်ခြင်းနှင့် ပတ်သက်ပြီးထားရှိသည့်ယုံကြည်မှုများ • တမန်တော်(ဆွ)နှင့် သူ၏အနွယ်ဝင်များအပေါ်စလ်ဝါးသ်(မေတ္တာ)ပို့သခြင်း • အများအကျိုးအပေါ်မျှော်ကိုးခြင်း • ဟဇ္ဇရသ်အလီ(အ.စ)အပေါ် အချစ်ထားခြင်း • အပြစ်ဂိုနာများကို ရှောင်ကျဥ်ခြင်း • မွန်မြတ်သော အကျင့်စာရိတ္တရှိခြင်း • ရိုးသားသောရည်ရွယ်ချက်ထားခြင်း • သားမြတ်ရတနာ သေဆုံးမှုအပေါ် ခံသီးတရားထားခြင်း • သန့်စင်သောလုပ်ရပ် • ကြာရှည်စွာနုတ်ဆိတ်နေခြင်း • လူတို့အား အတိဒုက္ခမပေးခြင်း • သားသမီးတို့အား ကျမ်းတော်မြတ်ကုရ်အာန် သင်ကြားပို့ချပေးခြင်း ရေဝါယသ်တော်များ၌ ဟစဒ်(မနာလိုခြင်း) စသဖြင့်လုပ်ရပ်များသည် ကယာမသ်၌ ချိန်ခွင်၏အလေးချိန်ကို လျှော့နည်းစေသည်။

လုပ်ရပ်များကို ပယ်ဖျက်ခြင်းနှင့် ချိန်တွယ်ခြင်း

ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်များအရ ကယာမသ်နေ့တွင် ကာဖိရ်တို့၏ လုပ်ရပ်များ သည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည့်အတွက် ချိန်တွယ်ဖို့ရန် လုပ်ရပ်များပင်ကျန်ရှိ လိမ့်မည် မဟုတ်ပေ။

မှတ်စုများ

ကျမ်းကိုးများ